မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့ဆိုတဲ့ အဖွဲ့က အပြစ်မဲ့ပြည်သူ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ ၅ရက်နေ့ ညနေပိုင်းမှာ ကျောက်ဆည်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်းနဲ့ တံတားလယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော်တို့ကို လက်နက်တွေကိုင်ဆောင်ထားပြီး အရပ်ဝတ် ဝတ်ဆင်ထားသူ လူတစ်စုက လာရောက်ဖမ်းဆီးသွားကာ ည၇နာရီခန့်မှာ စဉ့်ကိုင်-ပလိပ်လမ်းဟောင်းမှာ အလောင်းတွေကို စွန့်ပစ်ခဲ့တာပဲဖြစ်ပါတယ်။
“အသတ်ခံရတဲ့ နှစ်ယောက်လုံးက NLDပါတီက မဟုတ်ဘူး သူတို့ဘာသာ အေးဆေး စီးပွားရှာနေတဲ့သူတွေ အလောင်းတွေမှာ သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲတွေချိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ သတ်ဖြတ်ခံရတဲ့ ပြည်သူ၂ဦးဟာ NLDပါတီဝင်တွေဖြစ်တယ်လို့ စွပ်စွဲထားပြီး ကျောက်ဆည်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။