မြေဖြူကိုင်ခဲ့တဲ့လက် သေနတ်ကို တင်းတင်းဆုပ်ကာ

 

ပြည်သူတွေ စတင်မုန်တိုင်းထန်ပြီး မကြာခင် အာဏာရှင်ကိုပြတ်ပြတ်သားသား ရာဇသံပေးလိုက်တဲ့ CDM လှုပ်ရှားမှု စတင်ချိန်မှာ သူတို့လင်မယား နိုင်ငံ့သားကောင်းပီသစွာ CDM ခဲ့တယ်။သူတတ်နိုင်တဲ့နည်းနဲ့ သူတို့ တနိုင် အာဏာရှင်ကိုဆန့်ကျင်တဲ့သဘော။ငါ CDM ကွ ဆိုပြီး ဘာကိုမှ မကြီးကျယ်။လူမှုကွန်ရက်ပေါ် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်တဲ့ ထောင်ထောင်လွှားလွှားအရေးအသားမျိုးမရှိ။ဘယ်သူ့ဆီကမှ အထောက် အပံ့ရယ်မမျှော်။

သူက နာမည်ကျော်စစ်ကိုင်းတိုင်းထဲကကျနော့်မိတ်ဆွေ CDM ရဲဘော်လင်မယား။ ပြီးတော့သူက ကျောင်းဆရာCDMတပ်သား။ပထမတော့ ခပ် အေးအေးပဲ ရှိတာလေး အထုပ်ဖြေ၊ သူတို့နယ်မြို့လေးထဲက ခြံဝင်းကျယ်ကျယ်ထဲမှာ ကိုယ့်အနာဂတ်ကိုယ် ယပ်ခတ်တွေးလို့ သိပ်မပူပင်။

၆လကျော် တစ်နှစ်နားနီးလာတော့ ဒီအတိုင်းထိုင်နေလို့မဖြစ်တော့တဲ့ ဘဝပေးအရ ရှိသမျှ ထုခွဲ ရောင်းချကာ ခက်ခဲကြမ်းတမ်းတဲ့တနိုင် စီးပွားရေးလုပ်ငန်းထဲ ဇွတ်ဝင်တိုးရတော့တယ်။သူ့တို့မြို့လေးနဲ့ တောင်အတော်အတန်လှမ်းတဲ့ ချောင်းဖျားမြစ်နား ကျေးလက်အစွန်အဖျားနေရာမှာ ကိုယ့်ဘဝအစာအိမ် ငြိမ် ငြိမ်သက်သက် ဖြစ်စေရေး မြေကြီးထဲရွှေသီးမလား ကျင်ရ။ဘဝကို ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့စိတ် ဓာတ်၊ အာဏာရှင် တွေလက်အောက် ဘယ်တော့မှ ခေါင်းပြန်မလျှိုဘူးဆိုတဲ့ ရဲရဲတောက်။သူ့နွေဦးတော်လှန် ရေး ဟာ အဲဒီ လောက်၊သူ့တနိုင်ဝန်ထမ်းတာလောက်ပဲ ခပ်ဆိတ်ဆိတ်။

ဒါပေမဲ့၊အခုမေလထဲကိုရောက်တော့ အာဏာရှင်တွေကို ရရာလက်နက်စွဲကိုင် တော်လှန်တော့မှာဖြစ် ကြောင်း လူမှုကွန်ရက်ပေါ်ကနေ သူဟစ်ကြွေးလိုက်တော့ မက်ဆင်ဂျာပေါ် အမြန်တက်လို့ သူ့အပြောင်းအလဲ ကို သတင်းလှမ်းမေးမိတယ်။

‘ပထမတော့ ကိုယ့်စီးပွားလေးကိုယ်လုပ်နေတာပဲ။ဒီဘက်နောက်ပိုင်းကျတော့ ဘာကိုမှ လုပ်လို့မရ တော့ဘူး။ခွေးတွေက ပြည်သူတွေရဲ့ စီးပွားရေးမှန်သမျှ အကုန်လုပ်ပိတ်ရုံတင်မကဘူး။ရွာတွေထဲဝင်၊အကုန် ထွက်ပြေးရနဲ့ ဘာမှမလုပ်နိုင်ဘဲ ချာလပတ်ရမ်းနေရတယ်’တဲ့။

သူတို့အရပ်ခေါ် ရွာတွေကိုစစ်တပ်က လျှောက်နင်းတာတဲ့။နင်းတယ်ဆိုတာက ရွာတွေထဲဝင် လု ယက်တာ။မပြေးနိုင်လို့ မိတဲ့သူကို ဓားစားခံအဖြစ်ခေါ်ထား။သူတို့လုယက်ခဲ့သမျှ ပစ္စည်းတွေကို ပေါ်တာပုံ စံမျိုး ထမ်းပိုးရ၊အခန့်မသင့်ရင်တော့ ပြန်မလွှတ်တော့ဘဲ တစ်နေရာရာမှာ ပစ်သတ်ပြီးထားခဲ့တော့တာ။ အခန့် မသင့်ရင် ဆိုတာ ဘယ်လိုအခြေအနေမျိုးကိုခေါ်တာလဲဆိုတော့ လမ်းမှာ စစ်ခွေးတွေမိုင်းဆွဲခံရတာမျိုး၊အ တိုက်ခံရတာမျိုးနဲ့ သူတို့စစ်ခွေးတွေ စိတ်အချဉ်ပေါက်နေတာမျိုး။

‘သူတို့စစ်တပ်ထဲနေနေတာတောင် သူတို့ရဲ့လုံခြုံရေးက စိတ်မချရတော့ဘူးဆိုတော့ သူတို့စခန်းအ ပြင်ဘက်ထွက်တာနဲ့ အသက်ကို ဖက်နဲ့ထုပ်ထားရပြီ။အခုနောက်ပိုင်းက မိုင်းဆွဲခံရရုံမကဘူး။အတိုက်လည်း ခံနေရတော့ ခွေးအသေအပျောက်လည်းများလာတယ်။ပြီးတော့ ဒီကောင်တွေ အရင်လို အနားမရဘူး၊တပ် ရင်းပြန်ပြီးမိသားစုနဲ့လည်းတွေ့လို့မရဘူး။နေရာတိုင်းဟာ ရှေ့တန်းနေရာကြီးပဲဆိုတော့ သူတို့စိတ်တွေက အမြဲကျွတ်ဆပ်နေတာ။ဘယ်ပြည်သူမြင်မြင် သူတို့ရန်သူလို့ပဲသတ်မှတ်ပြီး သတ်ချင်နေတာ’လို့ ပုလဲအခြေ စိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးကပြောပြတယ်။

ဒါ့ကြောင့် စစ်တပ်နဲ့တည့်တည့်တိုးတဲ့ဘယ်သူမဆို မလွယ်။အသတ်ခံရမလား၊နှိပ်စက်ခံရမလား မ ရေရာ။ကြားဖူးနားဝ ထင်ကြေးတွေ ပြောနေတာမဟုတ်။မေ၂ရက်နေ့က ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာသား စစ် ရှောင်လူငယ်တစ်ဦး ရွာပြန်လာစဉ် ရွာအပြင်ဘက်မှာ စစ်တပ်နဲ့တည့်တည့်တိုးလို့ နောက်ပြန်လှည့်အပြေး၊ စစ် သားလေး၊ငါးယောက်က သေနတ်နဲ့ ဝိုင်းပစ်လို့ အသက်ပေးခဲ့ရတယ်။

သူတို့ဆိပ်ခွန်ရွာဆိုတာက အိမ်ခြေ၆၀၀၀ကျော်ရှိတဲ့ ရွာကြီးတစ်ရွာ။ဖေဖေါ်ဝါရီ၈ရက်နေ့က ရွာထဲ စစ် တပ်ကဝင်စီးလို့ တစ်ရွာလုံး ထွက်ပြေးခဲ့ရတာ ဒီနေ့အထိ။ရွာသားလေး၊ငါးဆယ်ကျော်ကတော့ ရွာဘုန်းကြီး ကျောင်းမှာ ခိုကပ်နေရ။အခုခိုကပ်နေတဲ့သူတွေထဲ က အမျိုးသားတွေကို ဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ်အ သုံးချနေလို့ ရွာဘုန်းကြီးကျောင်းမှာ ရှိနေတဲ့သူတွေလည်း ပြေးရပြီ။

ရွာကရွာကြီး၊ချမ်းသာသူလည်းပေါတော့ ဆိုင်တွေ အိမ်ကြီးအိမ်ကောင်းတွေကို စစ်တပ်ကစိတ်ကြိုက် မွှေနှောက်လုယက်လို့ တစ်ရွာလုံးကို စီးပွားဖျက်ရုံတင်မက ရွာသားတွေကို ကိုယ့်အိမ်ကိုယ် ပြန်မပေးနေတဲ့အ ထိ အောက်တန်းကျချက်။စစ်တပ်နဲ့တိုးလို့ အပစ်ခံရတဲ့လူငယ်လေးက သူ့အိမ်ကိုပဲလွမ်းလို့လား။သူ့မိဘတွေပဲ ဘုန်းကြီးကျောင်းမှာခိုနေလို့ လာတွေ့တာလားမသိ။ကျဆုံးသွားတဲ့ အလောင်းကို စီးလာတဲ့ဆိုင်ကယ်နဲ့အတူ စစ်သားတွေက မီးပုံရှို့ကာ အလောင်းဖျောက်ဖျက်ခဲ့တယ်တဲ့။

တချို့တွေက ပြန်စရာအိမ်တောင် မရှိရှာတော့။နေ့ချင်း ဘာမှမကြာတဲ့ နာရီပိုင်းအတွင်းမှာကို အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာပက်စက်မှုအောက်မှာ ပြာကျလို့။လတ်လတ်ဆတ်ဆတ်သတင်းတွေအရ အ ရာတော်မြို့နယ်ထဲက မလဲသာရွာ မေလ၂ရက်နေ့။

အိမ်ခြေ၁၀၀၀နီးပါးရှိတဲ့ရွာကြီးတစ်ရွာဟာ အိမ်ခြေ၇၀၀ကျော်လုံးဝပြာကျခဲ့ပြီး အိမ်၆၀လောက်သာ အကောင်းအတိုင်းကျန်ခဲ့တယ်တဲ့။စစ်တပ်လာလို့ ထွက်ပြေးကြရတဲ့ မလဲသာရွာသား ထောင်ချီ အခုပြန်စရာ အိမ်မရှိ၊တောထဲမှာဖြစ်သလို နေ ဖြစ်သလိုစားဘဝ။

အဲဒီလိုဖြစ်သလိုနေဖြစ်သလိုစားဘဝတွေဟာ Data for Myanmar ရဲ့ ဧပြီ၃၀ရက်နေ့အထိ စာရင်း အရ စစ်ကိုင်းတိုင်းအတွင်း မိသားစု ၇၅၀၃စု ရှိတယ်လို့သိရတယ်။၂၀၂၁မေလကစလို့ အကြမ်းဖက်စစ်တပ် ဟာ ပြည်သူတွေရဲ့နေအိမ်တွေကို စတင်မီးရှို့ခဲ့တယ်။စစ်ကိုင်းတိုင်းအတွင်း အိမ်မီးရှို့ခံရတာအများဆုံး၊အိမ် ၇၅၀၃လုံး။

တစ်နိုင်ငံလုံးအတိုင်းအတာအရဆို ဧပြီ၃၀ရက်နေ့အထိစာရင်းအရ အိမ်၁၁၄၁၇လုံးကို စစ်တပ်က မီးရှို့ခဲ့တယ်။ပြီးတော့ထူးခြားချက်က စစ်တပ်ရဲ့ပြည်သူပိုင်အိမ်မီးရှို့ဖျက်ဆီးမှုဟာ ပြီးခဲ့တဲ့နှစ်ထက် အခု၂၀၂၂ခု နှစ်မှာ သိသိသာသာမြင့်တက်လာတာတွေ့ရတယ်။၂၀၂၂ဇန်နဝါရီမှာ မီးရှို့ခံရတဲ့ အိမ် ၁၀၅၉လုံး၊ဖေဖေါ်ဝါရီ မှာ ၂၈၈၂လုံး၊မတ်လမှာ၁၈၅၃လုံးနဲ့ဧပြီလမှာ ၃၅၁၄လုံး။

ဆိုတော့ မေလကစလို့ ပြည်သူ့နေအိမ်မီးရှို့မှုဟာ ၂၀၂၂ဧပြီမှာ အလုံးရေအများဆုံးဖြစ်တာတွေ့ ရ တယ်။ သတင်းတွေအရ အခုမေလအစပိုင်းမှာလည်း တဝုန်းဝုန်းနဲ့ မီးရှို့ခံရတဲ့ရွာတွေက စစ်ကိုင်းတိုင်းအ တွင်း တစ်ရွာ ပြီးတစ်ရွာ။ပြန်စရာအိမ်မရှိတော့တဲ့ဘဝတွေတရိပ်ရိပ်။ပြည်သူတွေရဲ့ဘဝတွေကို အခုလိုနင်းချေ ဖျက် ဆီးလိုက် လို့ ပြည်သူတွေအကြောက်ကြီးကာ ကိုယ့်ပါးစပ်ကိုယ်ပိတ် ကိုယ့်ခြေလက်ကိုယ့်ဘာသာပြန်ချည်ကာ ကိုယ့်ကိုယ်ကိုယ် သက်မဲ့အဖြစ် အညံ့ခံလိမ့်မယ်လို့ စစ်အုပ်စုက တွက်ထားခဲ့ရင်တော့ အကြီးအကျယ်မှားမှာ သေချာတယ်။

ကျနော့်မိတ်ဆွေ CDM က အခုလို မီးရှို့ခံနေရတာတွေ၊စစ်ခွေးတွေလာပြီဆိုတာနဲ့ ထွက်ပြေးနေရ တာတွေ၊လူမရှိတဲ့အိမ်တွေထဲဝင်ပြီး ဖုန်းအားသွင်းကြိုးကအစ လုယက်ခံနေရတာတွေ၊ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေးယန္တရား လုံးဝပျက်စီးသွားတာတွေ၊အဲဒီလိုအပျက်အယွင်းတွေရဲ့ဟိုဘက် ကွေ့ချိုးရောက်ရှိနိုင်မယ့် နည်းလမ်းကတစ်ခုတည်း။ပုံမှန်ဘဝ၊ပုံမှန်စီးပွားနဲ့ စိတ်လုံခြုံစွာ နေထိုင်နိုင်ဖို့ ကျနော်တို့ ကျေးလက်ပြည်သူ တွေ မဖြစ်မနေ ရွေးကိုရွေးရမယ့်လမ်းကို တစ်ခုတည်းမှန်း ကျနော်တို့ ချွင်းချက်မရှိသိရှိခဲ့ကြပြီတဲ့။

‘ကျနော်ချစ်တဲ့မြို့ပေါ်က ကျနော်ခြံထဲကို ပြန်ရောက်ဖို့ ရွာကလူငယ်တွေကိုစုစည်းပြီး တော်လှန် နေပြီ’တဲ့။

ကိုယ့်ရပ်ရွာကိုယ်ပြန်ဖို့၊ကိုယ့်အိမ်ပေါ်ကိုယ်ပြန်ရောက်ဖို့ရာ တစ်ခုတည်းသောနည်းလမ်း။

လင်းခေတ်