ကျူးဘားရဲ့ ထိပ်တန်းဟိုတယ်မှာ ဂက်စ်ပေါက်ကွဲမှုကြောင့် လူ ၂၀ကျော်သေဆုံး

Photo – CNN

ကျူးဘားနိုင်ငံ ၊ မြို့တော်ဟာဗားနားက  ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တခုမှာ  မေလ ၆ရက်နေ့က ဂက်စ်ယိုစိမ့်ပြီး အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့်  လူပေါင်း ၂၂ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ  Hotel Saratoga ကို ဂက်စ်ပို့ပေးတဲ့ ထရပ်ကားတစ်စီးကြောင့် ဖြစ်ပွားခဲ့တာလို့ ကျူးဘားနိုင်ငံပိုင် ရုပ်မြင်သံကြားက အစီရင်ခံတင်ပြထားပေမယ့် မီးလောင်ပေါက်ကွဲမှုဖြစ်တဲ့ အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

“ဒါက ဗုံးပေါက်ကွဲတာ မဟုတ်ပါဘူး ၊ ကြီးမားတဲ့ မတော်တဆမှု တခုပါ” လို့ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိလာတဲ့ သမ္မတ Miguel Díaz-Canel က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဟိုတယ်နံရံတွေပြိုကျခဲ့ပြီး ကလေး ၁၄ယောက်အပါအဝင် နောက်ထပ် လူ ၇၄ဦးထက်မနည်း ဒဏ်ရာရခဲ့တယ် ၊ ဟိုတယ်အနီး အဆောက်အအုံတွေက မိသားစုတွေကိုလည်း ဘေးကင်းတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအကြီးအကဲတဦးက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အဆောက်အဦ အပျက်အစီးတွေအတွင်း ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေတာကြောင့် ဒဏ်ရာရသူဦးရေ တိုးလာနိုင်တယ်လို့ သိရပါတယ်။