မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အရာတော်တောင်နယ်၊ မလဲသာကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မတွက်ချက်နိုင် သေးလောက်အောင်များနေတယ်လို့သိရပါတယ်။
မေလ(၂)ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြောင့် အိမ်ခြေ၁၀၀၀နီးပါးရှိတဲ့ မလဲသာရွာမှာ အိမ်၇၀၀ကျော်လုံးဝပြာကျခဲ့ပြီး အိမ်၆၀လောက်သာ အကောင်းအတိုင်းကျန်ခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
‘ဆုံးရှုံးမှုကအရမ်းများနေတော့ ပျက်စီးမှုတန်ဖိုးကို ခန့်မှန်းအနေနဲ့တောင် မတွက်ချက်နိုင်သေးဘူး။များနေတယ်’လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်လာတာကို ကြိုတင်သတင်းရတဲ့အတွက် လက်ဝတ်လက်စားတွေ ယူဆောင်လာနိုင် တာကလွဲ ကျန်တာအကုန်ဆုံးရှုံးခဲ့ရတယ်လို့ အရာတော်မြို့ ပေါ်ရပ်ကွက်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ထောင်နဲ့ချီတဲ့ မလဲသာရွာသားတို့ဟာ ပြန်စရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလိုပုန်းခို နေကြရကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးကဆိုပါတယ်။
‘ဒီလိုပဲ ကြံဖန်ပြီး တောထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစားနဲ့ တော်တော်အဆင်မပြေဖြစ်နေကြတယ်။ရွာကြီး တစ်ရွာလုံးကို ရက်ရက်စက်စက် ကုန်းကောက်စရာမရှိအောင် မီးရှို့ခဲ့တာ’လို့ အရာတော်မြို့ ပေါ်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူက ဆိုပါတယ်။