စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း၁၂ ဦး သေဆုံးခဲ့တယ်လို့ ချောင်းဦး PDF ကဒီနေ့ မေလ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ မှာကင်မွန်းတော်ရွာမာ ပျူစောထီးနဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းအဖွဲ့ အင်အား ၂၀ ခန့်နဲ့ ချောင်းဦး PDF တပ်ခွဲ ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးဘက်မှ ၄ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
မေလ ၁ ရက်နေ့ မှာ ကျီကုန်းရွာ ဆန်စက်မှ ဆန်အိတ်များကို လုယူပြီး ကင်မွန်းတော်ရွာကိုပြန်လာသော စစ်အုပ်စုတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၅၀ ခန့်ကို ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှု ၂ ကြိမ်တွင် PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။