တောင်ကိုရီးယားက ချီးမြင့်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ

ထိုင်း – မြန်မာ နယ်စပ်က မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင်ဟာ တောင်ကိုရီးယားနိုင်ငံက ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် Gwangju Prize for Human Right (ဂွမ်ဂျူးလူ့အခွင့်အရေးဆု)ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းမြန်မာတိုင်းရင်းသား တွေအတွက် ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများနဲ့ ကလေးများကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။
ဂွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံအတွက် အမှတ်တရတည်ထောင်ထားတဲ့ “မေလ ၁၈ အမှတ်တရဖောင်ဒေးရှင်း” အမည်ရ အဖွဲ့အစည်းက အခုလို ဆုရွေးချယ်ပေးအပ်ချီးမြှင့်တာလို့ သိရပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ “ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါက်တာစင်သီယာမောင်ရဲ့ လူသားချင်းစာနာမှု လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေရဲ့ ဘဝတွေကို ကယ်တင်ပေးရာရောက်ပြီး မြန်မာပြည်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာစေကြောင်း ကိုးကား ပြောဆိုထားပါတယ်။
ဆရာမကြီး ဒေါက်တာ စင်သီယာမောင် အမြဲတမ်းပြောဆိုလေ့ရှိသောစကားမှာ ” ဒီဆုရရှိခြင်းဟာ သူ့ရဲ့ မမောမပမ်းလုပ်ဆောင်ချက် တခုတည်းအတွက် သာမကဘဲ ကာလရှည်ကြာပဋိပက္ခတွေ ဆင်းရဲမွဲတေမှုနဲ့ မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို ရင်ဆိုင်နေခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် မယ်တော်ဆေးခန်းဝန်ထမ်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့တွေနဲ့ ကူညီမှုတွေကြောင့်ဖြစ်တယ်လို့ ဆိုကြောင်း မယ်တော်ဆေးခန်းရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။