သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြင်သစ်သံရုံးတောင်းဆို

Photo- Thar Kyi
သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက တောင်းဆိုလိုက်ပါတယ်။
မေ၃ရက်နေ့၊ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက အဲဒီလိုတောင်းဆိုခဲ့ တာပါ။
ဒါ့အပြင် သတင်းစာ လွတ်လပ်ခွင့်နဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံရှိ အင်တာနက် ကန့်သတ်ချက်တွေအားလုံးကို ရုတ်သိမ်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြီးနောက် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို တိုက်ခိုက်ခြင်းဟာ အလွန်စိုးရိမ် စရာကောင်းပြီး ဒီနေ့ခေတ်မှာ လွတ်လပ်တဲ့ သတင်းစာမရှိတော့ကြောင်း မီဒီယာအများအပြားဟာ လုပ်ငန်းလိုင်စင် ရုတ်သိမ်းခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ် အများအပြားမှာ စစ်အုပ်စု အမိန့်နဲ့ အင်တာနက် ဖြတ်တောက်မှုတွေကြောင့် သတင်းရရှိရေးမှာ ခက်ခဲနေကြောင်း လည်း ထုတ်ပြန်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ပေးပို့နိုင်ဖို့ အသက်အန္တရာယ် စွန့်စားပြီးလုပ်ဆောင်ရတဲ့ သတင်းထောက်တွေရဲ့ အလုပ်ကို ပြင်သစ်နိုင်ငံက လေးစား ဂုဏ်ပြုကြောင်းလည်း ဆိုပါတယ်။