ဟေတီမှာ မြို့ပေါ်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေး

Photo – Reuters

ဟေတီနိုင်ငံ မြို့တော် ပေါ့တ်အူပရင့်မှာ မေလ ၂ရက်နေ့က လက်နက်ကိုင်ဂိုဏ်းအဖွဲ့တွေအကြား အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

မနေ့က အပြန်အလှန်ပစ်ခတ်မှုကြောင့်  ပေါ့တ်အူပရင့်မြို့ပေါ်က ဒေသခံတွေဟာ အထုတ်အပိုးတွေနဲ့ နေအိမ်ကနေ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ အဲဒီပဋိပက္ခတွေမှာ ဘယ်ဂိုဏ်းအဖွဲ့တွေ ပါဝင်ပတ်သတ်နေပြီး နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံအရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်က လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကြောင့် လူ ၂၀ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

ပြိုင်ဘက်ဂိုဏ်းအဖွဲ့တွေဖြစ်ကြတဲ့ Chen Mechan နဲ့ 400 Mawozo ကြားမှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲ ဖြစ်ပွားပြီးနောက် အမေရိကန်နဲ့ ကနေဒါ သာသနာပြုအဖွဲ့တဖွဲ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ဟေတီနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လက သမ္မတ Jovenel Moise လုပ်ကြံခံရပြီးနောက်ပိုင်း အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာခဲ့ပြီး နိုင်ငံရဲ့ နယ်မြေအတော်များများဟာလည်း ပြည်နယ်အာဏာပိုင်တွေ ထိန်းချုပ်မှု လက်လှမ်းမမှီတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။