ခင်ဦး၊ အင်းပတ်ရွာကို မီးရှို့၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ရွာထဲကျန်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ အင်းပတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီခွဲလောက်ကစပြီး ရေဦးမြို့ပေါ်က လာတဲ့ စစ်ကား ၃ စီးအင်အားနဲ့ ရွာသစ်ကုန်းပျူစောထီးအင်အား ၁၀၀ လောက်ဟာ မွန်းလွဲ ၂ နာရီခွဲကျော်အချိန်အထိ မီးရှို့ဖျက်ဆီးနေကြောင်း Khin U Local Guerrilla Force က ထုတ်ပြန်ပါတယ်။
မီးခိုးတွေ ပိုများလာတာတွေ့ရပြီး ရွာထဲမှာ အကြမ်းဖက်စစ်သားတွေ ရှိနေသေးသလို မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ရွာထဲကျန်ခဲ့ကြောင်း သိရပါတယ်။
ခင်ဦးမြို့အနီးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ‘ရွာထဲမှာ သက်ကြီးတွေပဲကျန်တော့ မီးလောင်တဲ့အိမ်တွေ အခြေအနေ သေချာမသိသေးဘူး။ ကိုယ့်ရွာကိုယ် အဝေးကနေ လှမ်းကြည့်ပြီး မှန်းဆကြတာပဲရှိတယ်။ အတိအကျ မသိရသေးဘူး’ လို့ ဆိုပါတယ်။
မနေ့ ညနေပိုင်းက အင်းပတ်ကျေးရွာထဲကို အကြမ်းဖက်စစ်သားအင်အား ၁၀၀ လောက် ဝင်ရောက်လာကြောင်း ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေကာ ည ၈ နာရီလောက်မှာ စားစရာတွေ ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကာ ဓားစာခံအဖြစ် အမျိုးသား ၃ ဦးကို ရေဦးမြို့ပေါ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khin U Local Guerrilla Force က ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ်မှာ နေ့စဉ်နီးပါး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။