စလင်းမြို့ပေါ် တင့်ဖျက်မိုင်းအကြီးနှစ်လုံးနဲ့တိုက်ခိုက်မှု ရဲ ၆ဦးသေ

ဒုတိယအကြိမ်တိုက်တိုင်းအောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊စလင်းမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက်ရဲတွေကို တင့်ဖျက်မိုင်းအကြီး၂လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၁ ရက်၊ ည ၉ နာရီ ၅၅ မိနစ်လောက်က ဆိုင်ကယ် ၅ စီးနဲ့ ရဲ၉ဦးပါ ပုံမှန်မြို့တွင်းလှည့်ကင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း က အဝေးထိန်းစနစ် သုံး အပြင်းစား C4 ပါ တင့်ဖျက်မိုင်း အကြီးနှစ်လုံး နဲ့ စလင်းမြို့၊ ဝက်သည်းကန်အနီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းက ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
အခုတိုက်ခိုက်မှုဟာ ရှေ့ပြေးတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး နောက်နောင် ပြည်သူတွေကို ဆက်လက် ဒုက္ခပေးနေပါက ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမလို့ စစ်အုပ်စုဝင်တွေကို သတိပေးလိုက်ပါတယ်။
မေ၁ရက်နေ့ည၇နာရီ၂၅မိနစ်လောက်ကလည်း စလင်းမြို့၊လယ်ယာစိုက်ပျိုးရေးဘဏ်ရုံးကို လက်ပစ်ဗုံးနဲ့ပစ် ခတ်သတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းကထုတ်ပြန်ပါတယ်။
လယ်ယာစိုက်ပျိုးရေးဘဏ်ဟာ အရင်ပြည်သူ့အစိုးရကထုတ်ပေးခဲ့တဲ့ ချေးငွေတွေကို ဖိအားပေးတောင်းခံနေ တာကြောင့် ပြည်သူကိုယ်စားသတိပေးတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း ထံ တစ်ပတ်အတွင်း ဆက်သွယ်အလင်းဝင်ဖို့လည်း နောက်ဆုံးအကြိမ်သတိပေးလိုက်ကြောင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းအနေနဲ့ မကွေးတိုင်း၊ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသတွေမှာ အထူးစစ်ဆင်ရေးတွေ စတင်အကောင်အထည်ဖော်နေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။