မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေရေး ဗီယက်နမ်-ဂျပန် ပူးပေါင်းလုပ်ဆောင်မယ်

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေဖို့အတွက် ဗီယက်နမ်နဲ့ ဂျပန် အတူပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း မေ၁ရက်နေ့က အဲဒီလို ပြောခဲ့ကြောင်း VOA ကဖော်ပြပါတယ်။
ဒါ့အပြင်မြောက်ကိုရီးယားပြဿနာဖြေရှင်းရေးမှာလည်း နှစ်နိုင်ငံ အနီးကပ်လက်တွဲသွားမယ်လို့ ဆိုသလို တောင်တရုတ်ပင်လယ်ပြင်အတွင်း တစ်ဖက်သတ်အင်အားသုံးလုပ်ရပ်ကိုလက်မခံဘူးလို့ ဂျပန်ဝန်ကြီးချုပ် ကပြောပါတယ်။
ဗီယက်နမ်ရောဂျပန်ပါ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့အမြင်ကို မသိချင်ယောင်ဆောင်နေ ကြတဲ့အတွက် ဘယ်လို့ပုံစံမျိုးနှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။
‘ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးကို ထည့်သွင်းစဉ်းစားတာကြိုဆိုရမှာပါ။နှစ်နိုင်ငံစလုံးက အာဆီယံမူ၅ရပ်ကို လက်ခံထားကြတာဆိုတော့ မူ၅ရပ်အပေါ်အခြေခံပြီး စစ်အုပ်စုကို မပြီးနိုင်မဆီးနိုင် ချော့မော့နေမှာလား။ထိ ရောက်တဲ့ ဖိအားပေးမှာလား စိတ်ဝင်စားစရာပါ’လို့ သူကပြောပါတယ်။
ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်စဲဖို့ အရေးကြီးကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က အလေးထား ပြောဆိုပါတယ်။