မုံရွာ – ပုသိမ်အဝေးပြေးလမ်းမကြီး၊ မုံရွာ – ယာကြီး -ကလေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲလမ်းမကြီးတွေကို အသုံးပြုဖို့အတွက် အချိန်ကန့်သတ်လိုက်တယ်လို့ Yinmarbin Local People’s Defence Force (YMBLPDF)က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ဟာ မေလ ၁ရက်ကစလို့ အကြုံးဝင်တာ ဖြစ်ပါတယ်။ အဆိုပါ လမ်းပိုင်းတွေကို ပြည်သူတွေ အနေနဲ့ မနက် ၆နာရီကနေ ညနေ၆နာရီအတွင်းသာ အသုံးပြုရမှာဖြစ်ပြီး ညနေ ၆နာရီနောက်ပိုင်းမှာတော့ လုံးဝအသုံးမပြုဖို့ Yinmarbin Local People’s Defence Force က သတိပေးထုတ်ပြန်လိုက်တာပါ။
အခု သတိပေးထားတဲ့လမ်းပိုင်းတွေဟာစစ်အုပ်စုတွေ စစ်ကြောင်းထိုးနေတဲ့ နေရာနဲ့ အနီးဆုံးမှာရှိနေတာပါ။
သတိပေးထားတဲ့ လမ်းပိုင်းတွေကိုအကြောင်းတစ်စုံတစ်ရာကြောင့် သတ်မှတ်ချိန်ပြင်ပ အသုံးပြုလို့ ထိခိုက်နစ်နာသွားပါက အသုံးပြုသူရဲ့ တာဝန်သာဖြစ်တယ်လို့ YMBLPDFက ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် မင်းကံကြီးအုပ်စု၊ တမာပင်ခွ ၊သီးကုန်း ကျေးရွာတွေကို မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။