အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အတွက် GSCB ကြေညာချက်ထုတ်ပြန်

ဒီနေ့ ၂၀၂၂ ခုနှစ် မေလ ၁ရက်ဟာ ၁၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး)နေ့ ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ လုပ်သားရဲဘော်တွေနဲ့ မတရားဖမ်းဆီးမှုကို ခံထားရတဲ့ လုပ်သားရဲ ဘော်တွေ၊ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေတဲ့ လုပ်သားရဲဘော်တွေကိုချီးကျူး ဂုဏ်ပြု ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) မှ ဂုဏ်ပြု တဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မဆုတ်မနစ် တော်လှန်ရေးသံဓိဌာန်ကို ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ ဖိနှိပ်မှုကင်းတဲ့ လူ့ဘောင်ကို ဦးဆောင်နိုင်စေဖို့အတွက်လည်း ဆုတောင်းတယ်လို့လည်း ဆိုပါတယ်။
နှစ်ဆယ့်တစ်ရာစု မြန်မာ့နွေဦးတော်လှန်ရေးမှာ ပထမဆုံး ထုနဲ့ထည်နဲ့ လမ်းပေါ်တက် ဆန္ဒထုတ် ဖော်ခဲ့တဲ့ သူတွေဟာ ရဲရဲတောက် ရဲဘော်လုပ်သားတွေ ဖြစ်ပါတယ် ၊ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ CDM ဝန်ထမ်းတွေ အလုပ်သမားသမဂ္ဂတွေရဲ့ ဦးဆောင်မှုနဲ့ အကြမ်းဖက်စစ်အုပ်စု အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အမြစ်ကစ မြေလှန်နေတဲ့ တော်လှန်ရေး ဖြစ်တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။
၁၈၉၀ မေလ ၁ရက်နေ့က စတင်ခဲ့တဲ့မေဒေးနေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားတွေကစတင်ပြီး လူလူချင်း ဂုတ်သွေးစုပ်အုပ်ချုပ်မှုနဲ့ လုပ်အားခေါင်းပုံဖြတ်မှုတွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်မှုတွေ ဆောင်ရွက်ခဲ့တာပါ။ ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ လုပ်သားရဲဘော်တွေဟာ အလုပ်သမား သမဂ္ဂတွေဦးဆောင်မှုဖြင့် ရှေ့တန်းက ပါဝင်ခဲ့ကြတာလို့ဖော်ပြထားပါတယ်။