စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျားတက်ရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်တပ်ကခြိမ်းခြောက်နေသ လို လူမနေတဲ့အိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်နေကြောင်းသိရပါတယ်။
ဧပြီ ၂၈ ရက်နေ့က ကျားတက်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နောက်ထပ်စစ်သားအင်အား ၃၀ ကျော်ထပ်မံ ရောက်ရှိလာကာ ရဲစခန်းနဲ့ကပ်လျက် ကျားတက်အထကကျောင်းမှာ စခန်းချနေပါတယ်။
‘ရောက်လာတဲ့ စစ်ခွေးဗိုလ်က မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတာ။ ကျားတက်က လူမနေတဲ့အိမ်တွေထဲ ဖောက်ထွင်းပြီး သူတို့လိုချင်တဲ့ပစ္စည်းတွေ ကျားတက်အထက ထဲ သယ်နေတယ်’ လို့ ပုလဲအခြေစိုက် ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေကပြောပါတယ်။
ကျားတက်ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်သား၉ဦးသေခဲ့ပြီး ယင်းမာပင်ကနေ စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကားကို ပုလဲမြို့နယ်နဲ့ ကျားတက် ရွာကြားက ရွာသမင်းရွာအနီး သရက်ခြံမှာ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေခဲ့ပါတယ်။
‘မိုင်းဆွဲတာ ပထမ ၂ စီးထိတယ်ထင်တာ။ ပြီးတော့မှ စစ်ကားတစ်စီးထိမှန်း အတည်ပြုနိုင်တယ်။ ကားခေါင်းဘက်ခြမ်းကို မိုင်းထိလို့ ကားခေါင်းမှာ ထိုင်နေတဲ့ ၂ ယောက်သေတယ်။ နောက်ထပ်စစ်ကား ၂ စီး ထပ်ရောက်လာတယ်။စုစုပေါင်း ၄ စီး။မိုင်းထိတဲ့ကားကို ဆွဲသွားကြတယ်’ လို့ ရဲဘော်ပေက ပြောပါတယ်။
ကျားတက်ရဲစခန်းအတိုက်ခံရတဲ့အချိန်က စစ်သား ၂၀ နဲ့ ရဲ ၂၀ လောက်ရှိပြီး စစ်သားတွေကစစ်သားအိုကြီးတွေလို့သိရပါတယ်။ ကျားတက်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး မီးရှို့နေစဉ် စစ်ကူတွေ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
‘စစ်သားအိုကြီးတွေက ပင်စင်ယူခါနီးတွေထင်တယ်။နောက်ရောက်လာတဲ့စစ်သားတွေကတော့ ငယ်တယ်’ လို့ ရဲဘော်ပေကဆက်ပြောပါတယ်။
ဧပြီ ၂၈ ရက်နေ့မှာ ဒေသတွင်း PDF အဖွဲ့စုံက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ကျားတက်ရွာဟာ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။