Mytel တာဝါတိုင်အနီး စစ်အုပ်စုထောင်ထားတဲ့ မိုင်းနင်းမိပြီး အမျိုးသမီးငယ်တစ်ဦး ခြေထောက်ပြတ်

မန္တလေးတိုင်း မလှိုင်မြို့နယ် မုရိုးကျေးရွာအုပ်စု ကျီးကန်တောင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်အနီးမှာ စစ်အုပ်စုက ထောင်ထားခဲ့တဲ့ နင်းမိုင်းတစ်ခုကို နင်းမိပြီး အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ခြေထောက်ပြတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ကျီးကန်းတောင်ကျေးရွာမှာ နေထိုင်တဲ့ မကေသီခိုင်ဟာ နွားကျောင်းရင်း Mytel တာဝါတိုင်အနီး စစ်အုပ်စုထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဝဲဘက်ခြေထောက် ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ပိုင်ဆိုင်တဲ့ Mytel တာဝါတွေ ဖောက်ခွဲဖျက်ဆီးခံရမှာကို စိုးရိမ်ပြီး မိုင်းထောင်တာတွေ ကျေးရွာဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။ တာဝါတိုင်အနီးထောင်ထားတဲ့ မိုင်းတွေကို နင်းမိတာကြောင့် တာဝါတိုင်ကို လာရောက်ပြုပြင်တဲ့ Mytel ဝန်ထမ်းနဲ့ တာဝါတိုင် မီတာဖတ်တဲ့ စာရေးတို့ မိုင်းထိမှန်ခဲ့ဖူးပါတယ်။