ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာနဲ့ပတ်သက်ပြီး ပစ်မှတ်ထားအရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဧပြီလ ၂၆ ရက်နေ့၊ ဗြိတိန်ပါလီမန် အစည်းအဝေးမှာ အောက်လွှတ်တော်အမတ် ရူရှနာရာ အလီက မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းနေတာ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်အနေနဲ့ အတည်ပြုပေးဖို့ မေးမြန်းခဲ့တဲ့အပေါ် အဲဒီလို ပြန်လည်ဖြေကြားခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထား အရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေကြောင်းလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
လေယာဉ်ဆီတင်သွင်းမှုကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမယ့် အစီအစဉ် အမြန်ဆုံး အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Mark Farmaner က ပြောတယ်လို့လည်း သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း တစ်သန်းခွဲလောက် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဖြစ်ကြောင်း ပိတ်ဆို့ အရေးယူတဲ့ နေရာမှာ မြန်မာစစ်တပ်ကို လေယာဉ်ဆီ မရောင်းချဖို့ ဗြိတိန် ကုမ္ပဏီတွေကို တားမြစ်တာအပြင် ဗြိတိန် ကုမ္ပဏီတွေပိုင်တဲ့ သင်္ဘောလိုင်းတွေအနေနဲ့ မြန်မာအစိုးရက တင်သွင်းတဲ့ လေယာဉ်ဆီကို မပို့ဆောင်ဖို့နဲ့ ဗြိတိန်အာမခံကုမ္ပဏီတွေအနေနဲ့ တင်ပို့ပေးတဲ့ သင်္ဘောလိုင်းတွေအတွက် အာမခံဝန်ဆောင်မှု မပေးအောင် တားမြစ်ဖို့လည်း စီစဉ်နေကြောင်း ဒါ့အပြင် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းရာမှာ ဝန်ဆောင်မှုပေးနေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း ပိတ်ဆို့အရေယူဖို့ ပါဝင်ကြောင်းMark Farmaner ကသုံးသပ်ပါတယ်။
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းတဲ့နေရာမှာ ဗြိတိသျှကုမ္ပဏီတွေ တိုက်ရိုက်ပါဝင်နေတာ မတွေ့ရသေးပေမယ့် အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေ ပါဝင်နေတာ တွေ့ရကြောင်း ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှု ချမှတ်တဲ့အခါမှာ အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ကနေဒါနိုင်ငံတွေကိုပါ သတင်းအချက်အလက်တွေမျှဝေပြီး အလားတူ လိုက်လုပ်ဖို့ တိုက်တွန်းမှာ ဖြစ်တာကြောင့် အဲဒီနိုင်ငံတွေဘက်က အလားတူ ပိတ်ဆို့မှုတွေ ချမှတ်လာတဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီအများစုဟာ ထိုင်း၊ စင်ကာပူ၊ တရုတ် စတဲ့ အာရှ နိုင်ငံတွေဖြစ်ပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ကိုင်နေတာကြောင့် ပိတ်ဆို့အရေးယူမှုတွေ စတင်တဲ့အခါ မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ဖိအားရှိလာမှာ ဖြစ်တဲ့အကြောင်း Mark Farmaner က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ လေယာဉ်ဆီထုတ်လုပ်တဲ့ စက်ရုံ မရှိတဲ့အတွက် မရှိတဲ့အတွက် စစ်တပ်နဲ့ အရပ်ဘက်လေယာဉ်အားလုံးဟာ ပြည်ပကတင်သွင်းတဲ့ လေယာဉ်ဆီကို မှီခိုနေရတယ်လို့ အေပီသတင်းက ဆိုပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်အထိ စင်ကာပူအခြေစိုက် Puma Energy နဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ ဓာတုလုပ်ငန်းတို့ ပူးပေါင်းပြီး ပြည်တွင်းသုံး လေယာဉ်ဆီအများစုကို တင်သွင်းဖြန့်ဖြူးနေခဲ့ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ Puma Energy ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်နားခဲ့ပါတယ်။