ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့ဝင် ၅ ဦး လက်နက်ကြီးကျည် ထိမှန်ကျဆုံး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲမှာ ဧပြီလလည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သတ်ပြီး ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဒီကနေ့ ဧပြီ ၃၀ ရက်‌နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရွာငံဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို တိုက်ခိုက်သုတ်သင်ပြီးနောက် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေနတ်ကျည်မလောက်လို့ ဆုတ်ခွာလာခဲ့ရာ လမ်းခုလပ်မှာ စစ်အုပ်စုဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ရဲဘော်ငါးဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရွာငံမြို့နယ် တဲ့လုရွာနဲ့တောင်ဦးရွာအကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အင်တာနက်အခက်အခဲရှိလို့ ဒီနေ့မှ သတင်းထုတ်ပြန်ရတယ်လို့ YPDF က ရှင်းပြထားပါတယ်။
အဲဒီနေ့က ပန်းလောင်မြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို YPDF က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်က အရာရှိ တစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာပါ။ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေအတွက် သွေးကြွေးပြန်ဆပ်သွားမယ်လို့လည်း YPDF က ပြောထားပါတယ်။
စစ်အုပ်စုကို တိုက်ခိုက်ရေး အရှိန်မြင့်လာတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်စုက နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာဖြစ်ပြီး ဧပြီ ၂၀ ရက်နောက်ပိုင်း အရပ်သား ၆ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ခိုင်းဖို့ ရွာငံမြို့ကျေးရွာအချို့မှာ လူငယ်‌တွေကို စစ်အုပ်စုက ပေါ်တာဆွဲနေပြီး လူမစုပေးပါက ရွာလုံးကျွတ်မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဒေသခံ‌တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့‌တွေကလည်း စစ်အုပ်စုကို တိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ပြီး ခုခံတော်လှန်စစ်ကို အရှိန်မြှင့်ထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနှစ်ဖွဲ့က အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။