လောင်းလုံးမှာ ပျူစောထီးတွေက ပြည်သူတွေရဲ့နေအိမ်ကို အကြောင်းမဲ့ဝင်ရောက် ပစ်ခတ်

၂၉ ၊ ဧပြီလ ၊ ၂၀၂၂ ။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတွေက နေအိမ်တစ်အိမ်ထဲကို အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဧပြီလ ၂၈ရက်နေ့ ည၉နာရီလောက်မှာ ပိန္ဒဲကျေးရွာမှာနေ ဦးဖေသန်း၊ ဦးကျော်ထွေးနဲ့ ဦးဖေမွန်တို့ရဲ့ နေအိမ်ကို ပျူစောထီးအဖွဲ့တွေရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။ ဦးဖေသန်းနဲ့ ဦးကျော်ထွေးတို့အသက်ဆုံးပါးခဲ့ပြီး ဦးဖေမွန်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရတယ်လို့ သိရပါတယ်။

“အခုထိခိုက်သွားတဲ့သူတွေက သာမန်ပြည်သူတွေပါ သူတို့ဘာသာ မကျေနပ်ချက်တွေနဲ့ ဝင်ပြီးရမ်းကား သွားတာနေမယ်၊ အတော်ကို ယုတ်မာတဲ့သူတွေပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ဦးဖေမွန်ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ပို့ဆောင်ကုသထားရတယ်လို့ သိရပါတယ်။