ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေ အပေါ် အတုအယောင် တရားစီရင်ရေးကိုသုံးပြီး ပြစ်ဒဏ် ချမှတ်နေတာတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်က တောင်းဆိုလိုက်ပါတယ်။
ဧပြီ၂၈ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်စစ်အုပ်စုတရားရုံးက နောက်ထပ်ထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒဲရစ်ချိုးလက်က VOA ကို အဲဒီလိုပြောကြားခဲ့တာ ပါ။
‘ဒါဟာ အတုအယောင် တရားစီရင်ရေးစနစ်ဆိုတာ ပြနေပါတယ်။ ဒါ့အပြင် ဒါဟာ ၂၀၂၁ မှာ တရားနည်းလမ်း မကျဘဲ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်က သူ့နိုင်ငံရေးရန်သူတွေ အပေါ် ဒီတရားရေးစနစ်ကို သုံးပြီး နှိမ်နင်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ နောက်နမူနာ တခုပါ’ လို့ သူကပြောပါတယ်။
ဝါရှင်တန်ဒီစီမှာ မကြာခင်ကျင်းပမယ့် အာဆီယံ – အမေရိကန် ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုခေါင်းဆောင်တွေကို ပါဝင်ခွင့်ပေးမှာ မဟုတ်ဘဲ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ပုဂ္ဂိုလ်တွေသာ တက်ရောက်ခွင့် ပေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင် အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို လိုက်နာဖို့ လိုအပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်လျှောက်ဖို့ လိုအပ်ကြောင်းလည်း ဒဲရစ်ချိုးလက်ကပြောပါတယ်။