စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၁၀ စီးပါ ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ခင်ဦးမြို့ပေါ်ကနေ အနောက်ဘက်ကို စစ်ကြောင်းထွက်လာတဲ့ ကား ၁၀ စီးကို လွမ်းစေတီဘုရားအနီးမှာ Khin Oo People Defence Force – KUPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
“၁၀ စီးလာတာကိုမှ မိုင်းဆွဲတာ နှစ်စီး ထိထားတယ်။ ကားငါးစီးကတော့ မြင်းဒေါင်း (ရွာ) မှာ ရောက်နေတယ်။ ကျန်တဲ့ ကား သုံးစီးကတော့ လွမ်းစေတီဘုရားနားမှာ မိုင်းထိတဲ့နားမှာ ရမ်းပစ်နေတယ်” ခင်ဦး KUPDF ရဲဘော်တစ်ဦးက MFP မှာ ဖြေကြားထားပါတယ်။
စစ်အုပ်စုဟာ မနေ့က ဧပြီလ ၂၇ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းထဲကို စစ်အင်အားရာနဲ့ချီကာ တိုးချဲ့နေပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း မြို့အများစုမှာ အင်တာနက်ဖြတ်တောက်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် ပြည်သူတွေ သောင်းနဲ့ချီကာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Source- MFP