မြန်မာပြည်သူလူထုကြီးရဲ့ ကြီးမားခိုင်မာတဲ့ စိတ်ဓာတ်စွမ်းအားဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ကျော်လွှား အောင်နိုင်မယ်လို့ Justice For Myanmar က ဆိုပါတယ်။
Justice For Myanmar အဖွဲ့ တည်ထောင်ခြင်း ၂ နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားခြင်း ဖြစ်ပါတယ်။
Justice For Myanmar အဖွဲ့ ၂ နှစ်မြောက်တဲ့ အချိန်မှာ စစ်တပ်စီးပွားရေး ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး လှုပ်ရှားမှုဟာ အရှိန်ရလာခဲ့ပြီဖြစ်ပြီး ပြည်သူတွေ အနိုင်ရရှိနေပြီလို့လည်း ဆိုပါတယ်။
Justice For Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မယ့် ကမ္ဘာ့လှုပ်ရှားမှုကြီး၏ အစိတ်အပိုင်းအဖြစ် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီးမတရားမှု မညီမျှမှု၊ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ ရာဇဝတ်ကောင် စီးပွားရေးစစ်အုပ်စုကို အမြစ်ကနေ အပြီးတိုင် ဖျက်သိမ်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ သုံးစွဲသူတွေက စစ်တပ်ထုတ်ကုန်တွေကို တခဲနက် သပိတ်မှောက်ခဲ့တဲ့အတွက်
မြန်မာဘီယာ၊ Red Ruby နဲ့ Myte lအမှတ်တံဆိပ်တို့ဟာ ပြန်လည်ခေါင်းဖော်မလာနိုင်အောင် ထိခိုက်စေခဲ့ပြီလို့လည်းဆိုပါတယ်။
မြန်မာပြည်တွင်းနဲ့ ကမ္ဘာတစ်ဝန်းက တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တို့ဟာ မြန်မာစစ်တပ် စီးပွားရေးကွန်ရက်အတွင်းရှိ ဆက်နွယ်နေတဲ့ ဆက်ထုံးတွေကို ဖော်ထုတ်နေကြပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ပစ်ဖို့ ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူ တွေအပေါ် မမောနိုင်မပန်းနိုင် ဖိအားပေးနေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတကာ ကုမ္ပဏီတွေက စစ်တပ်စီးပွားရေး ရာဇဝတ်ဂိုဏ်းနဲ့ လုပ်နေတဲ့ လုပ်ငန်းတွေကနေ ရုတ်သိမ်းထွက်ခွာ သွားကြတာဟာ မြန်မာပြည်သူလူထု၏ အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အခွန်ဝင်ငွေ၊ စစ်လက်နက်တွေ စီးဝင်မှုကို တားဆီးပိတ်ပင်ဖို့နဲ့ ရာဇဝတ်သင့် စစ်စီးပွားရေးဂိုဏ်းကို အမြစ်ကနေ ဖျက်သိမ်းဖို့အတွက် လုပ်ဆောင်စရာတွေ အများအပြား ကျန်ရှိနေဆဲ ဖြစ် ကြောင်းလည်း Justice For Myanmar က ဆိုပါတယ်။