ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထပ်ချတဲ့အပေါ် ကုလနဲ့ဥရောပသမဂ္ဂ ပြင်းထန်စွာ ရှုတ်ချ

Photo- Reuters
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဧပြီ ၂၈ ရက်နေ့မှာ နေပြည်တော် စစ်အုပ်စုတရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် ကုလအတွင်းရေးမှူးချုပ်က ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုကြောင်းလည်း Farhan Haq ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်မံချမှတ်တာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ကာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အခုလို လုပ်ဆောင်ချက်ဟာ အာဆီယံမူ ၅ ချက်ထဲမှာပါတဲ့ ဆွေးနွေးပွဲကနေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ လွှတ်တော်အမတ်တွေကို ဖယ်ရှားဖို့ ကြိုးစားမှုတခုလည်း ဖြစ်တယ်လို့ ဆိုသလို နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။