ဧပြီလအတွင်း စစ်‌ပြေးဒုက္ခသည် ခြောက်သောင်းနီးပါးတိုးလာ

photo-Wuntho Revolution
ဧပြီလအတွင်း စစ်‌ပြေးဒုက္ခသည် ခြောက်သောင်းနီးပါးတိုးလာတယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၅ ရက်) အတွင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် ၅၈,၃၀၀ ကျော်ထက်မနည်း ရှိနေတယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
ဧပြီလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ မင်းကင်းနဲ့ အရာတော်မြို့နယ်တွေက ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် အဲ့ဒီဒေသအနီးတဝိုက်က ဒေသခံ ၁၃,၃၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒေသခံ ၂၅,၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း စစ်ပြေးဒုက္ခသည်တွေ ဆက်လက်တိုးလာပါတယ်။
ဧပြီလအတွင်းမှာပဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းက ဒေသခံ ၁၁,၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရသလို ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းအနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ ၁,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း ၂၄၁,၀၅၀ ကျော် ရှိပါတယ်။ ကယားပြည်နယ်မှာ ၂၀၄,၁၁၅ ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော် ရှိလာပါတယ်။
စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေ တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
ပုံစာ-ဧပြီနောက်ဆုံးပတ်က ဝန်းသိုမြို့နယ်အတွင်းရှိရွာတချို့ မီးရှို့ဖျက်ဆီခံရမှုမြင်ကွင်း