ညောင်တုန်းမြန်မာ့စီးပွားရေးဘဏ်မှာ ငွေအပ်နှံသူတွေဆီကနေ အလှူငွေတောင်းခံနေ

ဓာတ်ပုံ- လူမှုကွန်ရက်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းတွေက ငွေအပ်နှံထားတဲ့ ပြည်သူတွေကို အလှူငွေ ခေါင်းစဉ်တပ် ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငွေအပ်နှံထားသူတွေ အတိုးငွေ ထုတ်ယူချိန်၊ ငွေလွှဲလုပ်ဆောင်ချိန်နဲ့ ငွေလာရောက်ထုတ်ယူချိန်တွေမှာ အလှူငွေထည့်သွင်းဖို့ အကြောင်းပြပြီး ခေါင်းစဉ်မဲ့ အလှူငွေ ကောက်ခံတာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် ငွေစက္ကူအစုတ်တွေလဲလှယ်ရာနဲ့ ပင်စင်လစာငွေတွေကို လာရောက်ထုတ်ယူတဲ့ ပင်စင်စားဝန်ထမ်းတွေဆီကလည်း ငွေကြေးတောင်းခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“အပ်ထားတဲ့ငွေတွေကလည်း ထုတ်မရတော့ အတိုးကို တိုးရင်းပေါင်းသွားပြီး စာရင်းလုပ်တိုင်း အလှူငွေဆိုပြီးတော့ ပိုက်ဆံတောင်းပါတယ်၊ ဘာအတွက်အလှူလဲဆိုပြီးမေးရင် မပြောပါဘူး၊ ငွေထုတ်တဲ့အချိန်ကျ ပိုဆိုးပါတယ်။
ရာခိုင်နှုန်းနဲ့ တွက်ပြီးတော့ကို အလှူငွေဆိုတဲ့ ပုံစံမျိုး ဖြတ်ယူလိုက်တာပါ”လို့ ငွေသွားရောက်ထုတ်ယူခဲ့သူ ပြည်သူတစ်ဦးကပြောပါတယ်။