မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာအနီးမှာ စစ်အုပ်စုစစ်ကြောင်းတစ်ခု အတိုက်ခံရပြီး ၂၀ ကျော်သေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ဇင်ကလဲ ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ ဦးကျော် သေဆုံးခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DPRA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၆ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခလရ ၈၇ မှ အင်အား ၁၅၀ ခန့်ပါ ခြေလျင်စစ်ကြောင်းတစ်ခုကို ဇင်ကလဲကျေးရွာထိပ်မှာ DPRA၊ FRF၊ GALAXY FORCE DEPEYIN -ပကဖ၊စစ်ကိုင်းခရိုင် ယင်း၃၊ MDF၊ သံပေါက်ဒေသခံ ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ဆီးကြိုတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲစတင်ချိန်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ စစ်အုပ်စုက ၈ ဦးသေဆုံးခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်အတွင်း စစ်အုပ်စုက ၂၁ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လူထိခိုက်မှုမရှိပေမဲ့ ဆိုက်ကယ် ၂ စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
Video – DPRA