စစ်သတင်းပေး ဒလန်စာရင်းကို ခရမ်းမှာ ကောက်ခံနေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စစ်သတင်းပေး ဒလန်စာရင်းကို ကောက်ခံနေပါတယ်။
ခရမ်းပြည်သူတွေအနေနဲ့ ခရမ်းမြို့နယ် ရပ်ကျေးအသီးသီးရှိ ဒလန်တွေကို ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်နဲ့ ခရမ်းမီဒီယာတို့ထံ သတင်းတိကျစွာ ခိုင်လုံစွာပေးပို့ကြဖို့ ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူတွေပေးပို့တဲ့ ဒလန်စာရင်းတွေကို ခရမ်းချန်နယ်နဲ့ ခရမ်းမီဒီယာတို့က စိစစ်ဖော်ပြသွားမယ်လို့ ဆိုထားပါတယ်။
ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘ကျွန်တော်တို့ နယ်မြို့တွေမှာက ဘယ်သူဘာလဲဆိုတာ စုံစမ်းစရာမလိုဘဲ သိကြပါတယ်။ အခုပြည်သူတွေပေးပို့တဲ့ ဒလန်စာရင်းတွေကို တာဝန်ရှိတဲ့သူတွေက သေချာတိုက်ဆိုင်စစ်ဆေးအတည်ပြုပြီးမှ ထုတ်ပြန်တယ်လို့သိရတယ်’ လို့ ဆိုပါတယ်။
ခရမ်းချန်နယ်က အတည်ပြုထားတဲ့ ဒလန်စာရင်းကို ဧပြီ ၂၆ ရက်နေ့မှာ ၅ ဦး၊ ၂၅ ရက်နေ့မှာ ၇ ဦးနဲ့ ၂၄ ရက်နေ့မှာ ၈ ဦး ထုတ်ပြန်ထားပြီး ဆက်လက်ထုတ်ပြန်ဦးမယ်လို့လည်း သိရပါတယ်။
ခရမ်းမြို့နယ်အတွင်းရှိ ဒလန်လို့ နာမည်ကြီးနေသူတွေကို အမည်မသိအဖွဲ့က မကြာခဏဆိုသလို ရှင်းလင်းနေပါတယ်။