Photo- AFP
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိစွပ်စွဲချက်အမှုနဲ့ အကြမ်းဖက်စစ်အုပ်စု တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တဲ့အပေါ် အယူခံအဆင့်ဆင့် တက်သွားမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပြတယ်။
ဒီနေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နေပြည်တော် အထူးတရားရုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာပါ။
အဲဒီ စွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းနဲ့ ဇနီးတို့က တရားလိုသက်သေအဖြစ်နဲ့ တရားရုံးမှာ လာထွက်ဆိုခဲ့ပါတယ်။
အခု ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှုဟာ ထောင်ဒဏ်စုစုပေါင်း ၁၁ နှစ် ရှိသွားပြီဖြစ်ပါတယ်။