မြန်မာ့အရေးကို ကိုင်တွယ်မယ့် ထိုင်းအထူးကိုယ်စားလှယ် ခန့်အပ်

Photo – Bangkok Post
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး Ms Pornpimol Kanchanalak ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
Ms Pornpimol Kanchanalak ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူဖြစ်ပြီး အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့် တာဝန်ယူကာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့အညီ ကိုင်တွယ်ဆောင်ရွက်မှာဖြစ်ကြောင်း ဘန်ကောက်စ်ပို့ စ်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အထူးကိုယ်စားလှယ်ဟာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ နိုင်ငံတကာနဲ့ ညှိနှိုင်းဆောင်ရွက် တွေ့ဆုံမှုတွေကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။
အခုလို ခန့်အပ်တာဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမိုသတိထား စောင့်ကြည့်ကိုင်တွယ်လာမယ့်သဘော ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ပြောပါတယ်။
‘အရင့်အရင်တွေတုန်းက အခုလို ခန့်အပ်တာမျိုး မကြားခဲ့မိဘူး။ ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံဟာ မဟာဗျူဟာကျကျအရေးပါတဲ့အတွက် သေချာသတိထား ကိုင်တွယ်မယ့်သဘော’ လို့ သူကပြောပါတယ်။