ဖယ်ခုံမှာ ဖမ်းမိခဲ့တဲ့ တပ်မှူးနှစ်ဦးနဲ့ လျှပ်စစ်ဝန်ထမ်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ဖမ်းဆီးမိခဲ့တဲ့ စစ်တပ်တပ်မှူးနှစ်ဦးနဲ့ လျှပ်စစ်ဝန်ထမ်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ဧပြီလ (၂၁) ရက်နေ့က ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီး၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကိုလာပြင်တဲ့ အကြမ်းဖက်စစ်တပ်၊ တပ်မှူးနှစ်ဦး အပါအဝင် လျှပ်စစ်ဝန်ထမ်း စုစုပေါင်း (၂၆) ဦး စီးနင်းလာတဲ့ ကားတစ်စီး၊ ဆိုင်ကယ်တစ်စင်းနဲ့ လျှပ်စစ်လုပ်ငန်းဆိုင်ရာ ပစ္စည်းတွေကို KNDF က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း KNDF က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားတဲ့ လျှပ်စစ်ဌာနက အကျဉ်းသားတွေကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန (KSP) ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းမှုနဲ့စွဲချက်တင်အရေးယူနိုင်ဖို့ ဆက်လက်စီစဉ်နေကြောင်း သိရပါတယ်။
ဖမ်းဆီးခံအကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ အသိမိတ်ဆွေတွေအနေနဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိကြဖို့နဲ့ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေတဲ့ သတင်းအမှားတွေနဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
KNDF အနေနဲ့ စစ်အုပ်စုအုပ်ချုပ်ရေး ယန္တရားအောက်မှာ ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင်သူတွေကို အရေးယူသွားမှာ ဖြစ်တာကြောင့် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ကြဖို့ အထူးတိုက်တွန်းကြောင်းလည်း ထုတ်ပြန်ပါတယ်။
ပုံစာ-တိုက်ပွဲဝင် KNDF ရဲဘော်တစ်ဦး