မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ခေတ္တနားနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ၆၀မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအရှေ့ဘက် ရေကန်ဇရပ်မှာ ခေတ္တနားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF) နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaing PDF)၊ ပခုက္ကူမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ KG အဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြား ဒဏ်ရာရခဲ့တယ်လို့လည်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က မနေ့ညက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဒေသတွင်းရှိ အကြမ်းဖက်စစ်တပ် လှုပ်ရှားသွားလာမှုတွေကို စဉ်ဆက်မပျက် ဟန့်တားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့စစ်တပ်စခန်းတွေနဲ့ စစ်သားတွေရဲ့ အနီးတဝိုက် နေထိုင်သွားလာလှုပ်ရှားမှုတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။