ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃၀ဦးကျော်ကို အကြမ်းဖက်စစ်အုပ်စု လူသားဒိုင်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဝင်းရော်ဒေသကျေးရွာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ ဝင်းရော်ဒေသ အနောက်ဘက် တောင်ညိုတောင်တန်း တောင်ခြေမှာရှိတဲ့ ရာဘာနဲ့ ဥယျာဉ်ခြံ စိုက်တောင်သူတွေကို စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးအဖြစ် လမ်းပြအဖြစ်သာမက လူသားဒိုင်းအဖြစ်ပါ ခေါ်ဆောင်သွားခဲ့တာပါ။
“ ဒီမနက် ၁၁ နာရီကျော်လောက်မှာ ဖမ်းခံထိကြတာပါ။ စစ်တပ်က သွားတဲ့လမ်းတစ်လျှောက် တွေ့ရာ လူခေါ်ဆောင်သွားတယ်။ အားလုံး ၃ဝ ကျော်လောက် ဖမ်းခံထိထားတယ်။ အခုထိ အိမ်ပြန် မရောက် လာနိုင်ကြသေးဘူး။
အရမ်းစိတ်ပူတယ်။ ကူညီပေးကြပါ ”လို့ ဖမ်းဆီးခံရတဲ့ ဒေသခံတစ်ဦးရဲ့ မိသားစုဝင် အမျိုးသမီးက KICသတင်းဌာနမှာ ဖြေကြားထားပါတယ်။
ဧပြီလ ၂၃ရက်နေ့ကလည်း ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်းဝင်းအတွင်း တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ရဲစခန်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ BGFတို့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်ခုဟာ တံခွန်တိုင်ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးကာ အမျိုးသား၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် မုဒုံမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ အမြှောက်တပ်ကလည်း ဧပြီလ ၂၃ရက်နေ့ ညပိုင်းမှာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို အမြှောက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ခလယ်၊ တံခွန်တိုင်၊ ခလယ်ရွာလေး၊ တံခွန်တိုင်ရွာလေး၊ ကုလားပိုင်း၊ နိုင်းသိုင်းထွန်၊ ဒိုင်လွတ်၊ ကမော့ဝမ်းကျေးရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
Source- KIC