အရာတော်မှာ မိုင်းဆွဲခံရတဲ့ အကြမ်းဖက်တပ် အနီးရှိ ဇရပ်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ် မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇရပ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့က အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာကနေ ထွက်လာတဲ့ အင်အား ၃၀ လောက်ပါတဲ့ ခြေလျင် အကြမ်းဖက်စစ်ကြောင်းကို ဆူးလေကုန်းချောင်းအနီးအရောက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက
ပဒေသာမိုင်း (၅) လုံး၊ တူမီးရှေ့ထွက်ကြီး (၂) လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိ သွားကာ အသေအပျောက်ရှိနိုင်ကြောင်း Knights Of The Red Land ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်သားတွေဟာ သေနတ်ပစ်ဖောက်ခဲ့ပြီး အနီးရှိ ဆူးလေကုန်း ဇရပ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
‘ဇရပ်မီးရှို့တာ ကျွန်တော်တို့ အရာတော်မြို့ပေါ်ကလည်း ကြားတယ်။ စစ်ခွေးတွေက မနိုင်နိုင်ရာမဲတဲ့ သဘောထင်တယ်။ မင်းအောင်လှိုင်က သက်မဲ့ဖြစ်တဲ့ NLD ရုံးတွေကို လိုက်မီးရှို့ခဲ့တာဆိုတော့ ဇရပ်လောက်မီးရှို့တာတော့ ဘယ်ဆန်းမလဲဗျာ’ လို့ အရာတော်မြို့၊ ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကို Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့နဲ့ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့ တို့ကဦးဆောင်ပြီး သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Bone Naing (A.B.N.PDF)၊
Ayardaw Falcon Force(AF2)၊ Excellent Flag တပ်ဖွဲ့၊
ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့နဲ့
The Guys Of Burma Revolution Force (GBRF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။