အငြင်းပွားဖွယ် Kurils ကျွန်းစုကို ရုရှားက မတရားသိမ်းပိုက်ထားတယ်လို့ ဂျပန်ပြော

Photo – Kyodo

ရုရှားက ဆယ်စုနှစ်ချီထိန်းချုပ်ထားတဲ့ နယ်မြေပိုင်နက်အငြင်းပွားဖွယ် Kurils ကျွန်းစုနဲ့ ပတ်သတ်ပြီး  ဒီကျွန်းတွေကို ရုရှားက တရားမဝင်သိမ်းယူထားတာဖြစ်တယ်လို့ ဂျပန်အစိုးရက တကြော့ပြန် ပြောဆိုလာတယ်လို့ Japan Times သတင်းဌာနက ဖော်ပြပါတယ်။

ရုရှားမှာဆိုရင် Kurils တောင်ပိုင်းလို့ခေါ်ပြီး ဂျပန်ရဲ့ မြောက်ဘက်ပိုင်းနယ်မြေလို့သိကြတဲ့  Kurils ကျွန်းစုဟာ  ဂျပန်ရဲ့မူလအစိတ်အပိုင်းဖြစ်တယ်လို့ ဧပြီလနှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ ဂျပန်ရဲ့ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာ နှစ်ပတ်လည် အစီအရင်ခံစာတခုမှာ ဖော်ပြထားတာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲနေတာကြောင့် ဂျပန်နဲ့ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ နှစ်ဆယ်ချီအငြင်းပွားနေတဲ့ ကျွန်းစုကိစ္စပြန်ပေါ်လာတာပါ။

၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးပြီးနောက် ဂျပန်ရဲ့  Kurils ကျွန်းငယ်လေးခုဖြစ်တဲ့ Etorofu ၊ Kunashiri ၊ Shikotan နဲ့ Habomai တို့ကို ဆိုဗီယက်ပြည်ထောင်စု သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ရုရှားက ဆက်လက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ 

ဆိုဗီယက်ပြည်ထောင်စုလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးပြန်လည်တည်ထောင်ဖို့ ဂျပန်နဲ့ စစ်ပွဲရပ်ဆိုင်းကြောင်း လက်မှတ်ရေးထိုးခဲ့ပေမယ့်  တရားဝင်  စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကိုတော့ မချုပ်ဆိုခဲ့ပါဘူး။ 

အဲဒီအချိန်ကတည်းက Kurils ကျွန်းစုကို ပြန်ရဖို့အတွက် ဂျပန်အစိုးရကြိုးစားနေခဲ့တာပါ။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကစတင်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက်မှုအဖြစ်ဂျပန်နိုင်ငံကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး တခြားနိုင်ငံတွေနဲ့ပူးပေါင်းကာ ရုရှားအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

ရုရှားဘက်ကလည်း တုံပြန်တဲ့အနေနဲ့ ဂျပန်နဲ့ဆွေးနွေးနေတဲ့ စစ်ပြေငြိမ်းရေးညှိနှိုင်းမှုကို ရပ်ဆိုင်းတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။