စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်လို့ ရွာငံ ဒေသခံ ၆ဦး သေဆုံ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်နေ ဒေသခံ ၆ဦးကို ဒီကနေ့ ဧပြီ ၂၂ ရက်မှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းကွန်ယက်တွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ရွာငံ မြို့နယ်၊ ပဲရင်းတောင်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာလောက်မှာ ပုန်းခိုနေတဲ့ အပြစ်မဲ့ပြည်သူတွေကို PDF လို့ မှားယွင်းစွပ်စွဲ ပြီး အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ Hsan Loi Voice က သတင်း ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဒေသခံ ၆ ဦး ရဲ့ နာမည်နဲ့ နေရပ်တွေကိုတော့ မသိရသေးပါဘူး။
ရွာငံမြို့နယ်အတွင်း ရင်းတောင်ရွာမှာလည်း ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ ၁၈ ဦးထက်မနည်းကို အကြမ်းဖက် စစ်အုပ်စုတွေ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့ကလည်း ရွာငံမြို့ ၊ နွားဘန်းကြီး ကျေးရွာနေ ပြည်သူတစ်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်စီးခဲ့ပြီး ရွာငံမြို့နယ်အတွင်း မီးရှို့ခံရတဲ့ အိမ် ၄ အိမ် ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ရွာငံမြို့နယ်အတွင်း နေရပ်ထွက်ပြေးတိမ်းရှောင်နေရသူ ၃၀၀ကျော်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။