အိန္ဒိယမှာ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်နိုင်ဖို့ ဗြိတိန်ကူညီမယ်

Photo – Reuters

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အခုသီတင်းပတ်အတွင်း အိန္ဒိယခရီးစဉ်မှာ  ဗြိတိန်အနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်ရေး အကူအညီပေးဖို့  အိန္ဒိယကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ 

ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူးစတင်ထမ်းဆောင်ကတည်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဧပြီလ ၂၁ရက်နေ့က ပထမဆုံးရောက်ရှိလာတာပါ။ ဒီခရီးစဉ်မှာ  အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု တိုးမြင့်ရေး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ အိန္ဒိယဟာ စစ်ဘက်သုံးပစ္စည်း ထက်ဝက်ကျော်ကို ရုရှားဆီကနေ ဝယ်ယူနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အိန္ဒိယကို ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်ရေးအကူအညီပေးဖို့ ဆွေးနွေးသွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ 

ဒါ့အပြင် ကာကွယ်ရေးပစ္စည်းတွေပေးပို့တဲ့အချိန်ကို ချုံနိုင်ဖို့ အိန္ဒိယကို အထွေထွေပို့ကုန်လိုင်စင်လည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီလိုင်စင်ဟာ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံမှာသာ ရထားသေးတာဖြစ်ပါတယ်။  

အိန္ဒိယကို ရုရှားနဲ့ ဆက်ဆံရေးလမ်းကြောင်းသွေဖယ်ဖို့  ကြိုးပမ်းမှုမှာ အမေရိကန်ကလည်း နယူးဒေလီကို ကာကွယ်ရေးနဲ့ စွမ်းအင်တွေ ပိုရောင်းပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ ဖိအားပေးမှုတွေရှိပေမယ့် အိန္ဒိယအစိုးရဟာ ရုရှားရဲ့ ယူကရိန်းကိုကျူးကျော်စစ်နဲ့ ပတ်သတ်ပြီး  အကြမ်းဖက်မှုအဆုံးသတ်ရေး တောင်းဆိုရုံကလွဲလို့ ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့ ငြင်းဆိုထားပါတယ်။