မကြာခဏ မိုင်းထိနေတာကြောင့် စစ်သားတွေ စခန်းပြင်ပ အထွက် နည်းလာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ဟာ စောင့်ဆိုင်းမိုင်းဆွဲနေတဲ့ PDF တွေကြောင့် စခန်းပြင်ပ ကင်းလှည့်တာ သိသိသာသာ နည်းသွားတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်အတွင်းရှိ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာနဲ့ ကန့်ဒေါင့်ရွာတို့မှာ အကြမ်းဖက်စစ်တပ် အထိုင်ချစခန်းတွေရှိပြီး စခန်းပြင်ပကို အထွက်နည်းလာတာ တစ်လလောက်ရှိပြီလို့ ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေ က ပြောပါတယ်။
‘အပြင်မထွက်ဘူး မဟုတ်ဘူး။ ထွက်တယ်။ အထွက်နည်းသွားတယ်။ သူတို့စခန်းချတဲ့ ရွာ ၃ ရွာစလုံးနားမှာ PDF တွေက စောင့်ကြည့်နေတယ်။ အပြင်ထွက်တာနဲ့ မိုင်းဆွဲဖို့ အဆင်သင့်စောင့်နေတော့ မထွက်ရဲတော့တာ။ အရင်ကလို ရွာတွေထဲ ဝင်လုတာ၊ မီးရှို့တာတွေ မလုပ်ရဲတော့ဘူး’ လို့ သူကပြောပါတယ်။
အင်းမထီးရွာက အထက်တန်းကျောင်းခွဲမှာ စစ်သား ၃၀ နဲ့ပျူစောထီး ၄၀ လောက် စခန်းချထားပြီး ဇီးဖြူကုန်းရွာ ဘုန်းကြီးကျောင်းမှာ စစ်သားနဲ့ပျူ စုစုပေါင်း ၆၀ လောက်ရှိကာ ကန့်ဒေါင့်ရဲစခန်းနဲ့ စာသင်ကျောင်းတို့မှာ စစ်သား ၃၀ နဲ့ ရဲ ၂၀ လောက် ရှိတယ်လို့ သိရပါတယ်။
‘စစ်ခွေးတွေဘက်က အင်အားတိုးမလာဘူး။ PDFတွေက အင်အားကောင်းလာတယ်။ ရွာတွေကို မီးရှို့ဖျက်ဆီးလိုက်ရင် အကုန်ကြောက်သွားမယ် ထင်နေတာ။ ရွာတွေကို မီးရှို့လေ PDF အင်အားတိုးလေပဲ’ လို့ ရဲဘော်ပေက ပြောပါတယ်။
ပုလဲမြို့ပေါ်မှာလည်း ညဘက်ကင်းလှည့်ချိန်တွေမှာ မိုင်းဆွဲခံရတာကြောင့် ညဘက်မှာ ကင်းလုံးဝမလှည့်တော့ဘူးလို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။
‘အခု နေ့ခင်းဘက်ပဲ ကင်းလှည့်တယ်။ နေ့ခင်းတောင် ထွေအုပ်ရုံးဝန်းကျင် မြို့တွင်းနေရာလောက်ပဲ ကင်းလှည့်တယ်။မြို့တစ်ဝက်ပဲ ကင်းလှည့်တော့တာ’ လို့ သူကပြောပါတယ်။
ပုလဲမြို့ပေါ်မှာ အကြမ်းဖက်စစ်သား ၄၀ နဲ့ ရဲ ၄၀ လောက်ရှိနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။