ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးမီးရှို့နေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ညောင်လှကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူတွေရဲ့ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ညောင်လှကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဆယ်ကြီးကျေးရွာကိုပါ ထပ်မံဝင်ရောက် ဖျက်ဆီးမီးရှို့မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် အေးကုန်းကျေးရွာကို စစ်အုပ်စုက အင်အား ၄၀ ကျော်နဲ့ ဒီကနေ့ မနက် ၄ နာရီလောက်မှာ စက်လှေ ၄ စီးနဲ့ လာရောက်ပြီး ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးကာ ပြည်သူတွေ မွေးမြူထားတဲ့ နွားနဲ့သိုးတွေကို သတ်ဖြတ်ကာ ရိက္ခာအဖြစ် သယ်ယူသွားပြီး ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သာလွန်အင်အား သာလွန်လက်နက်တွေနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး လုယက်တာတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။