မြိတ်-ထားဝယ် ကားလမ်းမှာ တိုက်ပွဲဖြစ်လို့ ယာဉ်သွားလာမှုတွေ ရပ်နားထား

The Tanintharyi Times
တနင်္သာရီတိုင်း မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၇ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times က ဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့ မနက် ၅ နာရီခန့်မှာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပန်းပြင်ကျေးရွာနဲ့ သရက်နှစ်ခွကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
“မနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီးလက်နက်ငယ်တွေ ပစ်သံကြားရတာပဲ ။ စစ်ကောင်စီဘက်က အင်အားဖြည့်ဖို့လာတဲ့ စစ်ကားတစ်စီးလည်း မိုင်းဆွဲခံရပြီး လုံးဝထိုးရပ်သွားတယ်လို့ ကြားတယ်” လို့ ဒေသခံတစ်ဦးက The Tanintharyi Times ကို ဖြေကြားထားပါတယ်။
တိုက်ပွဲတွေကြောင့် မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ မော်တော်ယာဉ် ဖြတ်သန်းသွားမှုတွေ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။