ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အရာတော် သံချပ်ကာတပ်လက်နက်တိုက် မီးလောင်

အရာတော်မြောက်ပိုင်း မဟာမိတ်ညီနောင်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သံချပ်ကာတပ်လက်နက်တိုက် မီးစွဲ လောင်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲလောက်က စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ရှိ အမှတ် (၅၀၀၄) သံချပ်ကာ ယန္တရားတပ်ရှိ လက်နက်တိုက်ရှိရာ အတောက်အဦကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို အဝေးပစ်လက်နက်ကြီး စစ်ဆင်ရေးလည်းဆင်နွှဲခဲ့ရာ လက်နက်တိုက် မီးစွဲလောင်နေတဲ့ မြင်ကွင်းကို မြင်တွေ့ ခဲ့ရကြောင်း လျှပ်စစ်မိုးကြိုးမုန်တိုင်း တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
‘ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ပစ်မှတ်ကို တည့်တည့်ထိတယ်လို့ သိရတယ်။ လက်နက်ကြီးနဲ့ပစ်တာ ထိ၊မထိတော့ မသိရဘူး။ ဗုံးထကွဲတဲ့ အသံကြားရော စစ်ခွေးတွေ ဝရုန်းသုန်းကားပြေးကြတယ်တဲ့။ မီးလောင်နေတဲ့နေရာ မီးငြှိမ်းတာမျိုးတော့မရှိဘူးတဲ့’ လို့ အရာတော်မြို့ အမှတ် ၃ ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲကို အရာတော် ပကဖရဲ့ ကူညီပံ့ပိုးမှုနဲ့ လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ အပါအဝင် အရာတော်မြောက်ပိုင်းမဟာမိတ်ညီနောင်တွေက ပူးပေါင်းတိုက်ပွဲဝင်ကြခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။