လော့ဒေါင်းချထားတဲ့ ရှန်ဟိုင်းမြို့မှာ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရ

Photo – AFP

တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့  ရှန်ဟိုင်းမှာ ဒီနေ့ ဧပြီလ ၁၀ရက်နေ့ တရက်တည်း ကိုဗစ်ရောဂါကူးစက်သူအသစ်  ၂သောင်းခွဲနီးပါး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

လူဦးရေ ၂၅သန်းနေထိုင်တဲ့ ရှန်ဟိုင်းမြို့တခုလုံးကို လော့ဒေါင်းချထားတာကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး တခြားမြို့တွေမှာ အလားတူအခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။  

တင်းကျပ်တဲ့ စည်းကမ်းတွေအရ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ ပို့ဆောင်ရေးဝန်ထမ်းတွေ ဒါမှမဟုတ် အထူးခွင့်ပြုချက်ရှိသူများကိုသာ အပြင်ထွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

ရှန်ဟိုင်းရဲ့ ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ တစ်ကမ္ဘာလုံးက အချို့မြို့ကြီးတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးပေမယ့် လက်ရှိအခြေအနေဟာ ၂၀၁၉ခုနှစ် နှစ်လည်ပိုင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်ကတည်းက 

အဆိုးရွားဆုံး ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ ရင်ဆိုင်နေရတာပါ။

လော့ဒေါင်းစည်းကမ်းတွေတင်းကြပ်ထားတာကြောင့် လူအများစုဟာ အစားအသောက်နဲ့ရေကို အိမ်တိုင်ရာရောက် မှာစားကြရပြီး  ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို အစိုးရအစီအစဉ်နဲ့ လာချပေးတဲ့အထိ စောင့်ကြရပြီး အစိုးရရဲ့ဖြန့်ဖြူးမှု အစီအစဉ်ကလည်း တမြို့လုံးကို အလျင်မီအောင် ပို့ဆောင်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။