မြိုင်၊ ကျောက်ခွက်ရေနံမြေက အကြမ်းဖက်စစ်သားတွေ မိုင်းထိ၊ တစ်ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေစခန်းက အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ မြိုင်မြို့နယ်အနောက်ပိုင်းမှာ ပြည်သူ့ကားတွေဆီကနေ ရိက္ခာတွေ လုယူနေတဲ့ကျောက်ခွက်ရေနံမြေစခန်းက အကြမ်းဖက်စစ်သား ၁၅ ဦးလောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDF က ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်၊ ဆူးဝင်ကျေးရွာအုပ်စုနေ ပြည်သူတစ်ဦးက ‘မိုင်းဆွဲတာ ထိချက်မှန်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်’ လို့ ဆိုပါတယ်။
မြိုင် PDF ရဲ့ နံသာမြေရက္ခ အဖွဲ့ဟာ ဧပြီ ၆ ရက်နေ့၊ ညနေ ၆ နာရီလောက်က မြိုင်မြို့နယ် အရှေ့ဘက်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သား ၂ ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။