NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အဖွဲ့ဟာ အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၉ ရက်နေ့က မယ်ရီလင်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ NUG အနေနဲ့ အမေရိကန်အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း၊ NUG အစိုးရရဲ့ လက်ရှိလုပ်ဆောင်နေမှုနဲ့ အနာဂတ်လုပ်ဆောင်မယ့် အကြောင်းအရာ၊ PDF တွေရဲ့ လှုပ်ရှားမှု၊ တိုင်းရင်းသားဒေသတွေမှာ စစ်အုပ်စုက ဆိုးရွားစွာ လူ့အခွင့်အရေးချိုး ဖောက်နေမှု စတာတွေအပြင် ပြည်ပေရာက် မြန်မာတွေနဲ့ ပွင့်ပွင့်လင်းလင်း အမေးအဖြေကဏ္ဍလည်းရှိတယ်လို့ ဦးအောင်မျိုးမင်းက ဆွေးနွေးပွဲမစမီ VOA ကိုပြောခဲ့တယ်လို့ VOA က ဖော်ပြပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ NUG ကို ဘယ်လို ဆက်လက်ကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို မေးမြန်းဆွေးနွေးဖို့ ရှိကြောင်း တွေ့ဆုံပွဲ စီစဉ်သူတဦးဖြစ်တဲ့ ကိုရင်အေးက ပြောတယ်လို့ VOA က ဖော်ပြပါတယ်။
အဲဒီဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်တို့လည်း တက်ရောက်ခဲ့ပါတယ်။