စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာစာသင်ကျောင်းဝန်းကျင်မှာ အကြမ်းဖက်စစ်အုပ်စုက မိုင်း တွေမြှုပ်နှံထားတယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက်နေ့၊ ည ၈ နာရီလောက်က အင်္ကုက္ကားကျေးရွာ အနောက်ဘက် မူးတံတားအနီး ကင်းလှည့်လာတဲ့ ပျူစောထီးတွေကို တန့်ဆည်ဖီးနစ် (Phoenix Defence Force – Taze) နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ပဒေသာမိုင်း (၄) လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီးနဲ့ ဒလန် (၅) ဦးသေဆုံးခဲ့ပြီးနောက် စစ်သား၊ ပျူနဲ့ဒလန်တွေက အင်္ကုက္ကားကျေးရွာ စာသင်ကျောင်းအတွင်းနဲ့ စာသင်ကျောင်းဝန်းကျင်လမ်းတွေမှာ မိုင်းမြှုပ်နှံခြင်းဖြစ်ကြောင်း တန့်ဆည်ဖီးနစ်က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်တာပါ။
တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဉီးက ညဘက်တွေမှာ ရွာထဲကို PDF တွေဝင်တိုက်မှာ စိုးတဲ့အတွက် မိုင်းမြှုပ်နှံထားခြင်းဖြစ်တယ်လို့ သိရကြောင်း ဆိုပါတယ်။
‘ရွာကလူတွေလည်းသိတော့ မဖြတ်ကြဘူးပေါ့။ သူတို့က ညဘက်တွေမှာ စိတ်ချလက်ချကို နေချင်လို့ လုပ်တာထင်တယ်။ ညဘက်တွေမှာ ထုံးစံအတိုင်း စိတ်လွတ်ကိုယ်လွတ် သောက်စားမူးယစ်လို့ ကောင်းအောင်ပေါ့’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အင်္ကုက္ကားကျေးရွာ တောင်ပိုင်းကို လည်း မီးရှို့ခဲ့ကြောင်း တန့်ဆည်ဖီးနစ်က ဆိုပါတယ်။