စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် သာစည်ကျေးရွာကို ဖျက်ဆီးဖို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်ခဲ့ရာမှ လက်နက်နဲ့ လူအင်အား မမျှတဘဲ PDF ရဲဘော် ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက် ၃ နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက သာစည်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုလို ကျဆုံးခဲ့ရတာပါ။
“ခွေးတွေက မနက် (၃) နာရီလောက်မှာ သာစည်ရွာကို ဝင်စီးတာ။ ခွေးတွေက ရွာထဲဝင်စီးပြီး အိမ်တွေမီးရှို့၊ ပစ်ခတ် သောင်းကျန်းနေလို့ ခုခံရာကနေ စာသင်ကျောင်းနားမှာ ထိတွေ့မှုဖြစ်ပြီး စစ်ကိုင်း တပ်ရင်း (၁)၊ တပ်ခွဲ (၁) က ရဲဘော် (၆) ဦး ကျဆုံးပါတယ်” လို့ နီးစပ်သူတစ်ဦးက MFP မှာ ဖြေကြားထားပါတယ်။
သာစည်ကျေးရွာဟာ စစ်ကိုင်း တပ်ရင်း (၁) တပ်ခွဲ (၁) က ဗိုလ်ဇာတ်လိုက်ရဲ့ ဇာတိကျေးရွာဖြစ်ပြီး စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာမှာ ဗိုလ်ဇာတ်လိုက်အပါအဝင် PDF ရဲဘော် ၆ ဦး ကျဆုံးခဲ့ရတာပါ။
သာစည်ကျေးရွာအတွင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုက သာစည်ကျေးရွာအတွင်းမှာ PDFရဲဘော် ၆ ဦးရဲ့ ရုပ်အလောင်းနဲ့ M-22 သေနတ် (KA-2746 ၊ KA-1863) (၂)လက်၊ M-22 ကျည်အိမ် (၂)ခု၊ M-22 ကျည် (၁၅) တောင့်၊လက်လုပ်စိန်ပြောင်းတချို့ သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေကို လုယက်ပြီး ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။
Source- MFP