ရန်ကုန်မှာ သင်္ကြန်ပိတ်ရက် ခရီးသွားသူတွေများနေလို့ အောင်မင်္ဂလာ အဝေးပြေးကားဝန်းထဲမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ခရီးသွားတွေက DNA ကို ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေလို့ အောင်မင်္ဂလာအဝေးပြေးဝင်ပေါက်ကနေ ဝန်းထဲကကားဂိတ်အထိ ဆိုင်ကယ်ကယ်ရီခဟာလည်း ၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ တောင်းနေတယ်လို့လည်း ခရီးသွားပြည်သူတွေက ပြောပါတယ်။
“ကိုယ်စီးမယ့် ကားဂိတ်ကိုရောက်ဖို့ အဝေးပြေးပေါက်ကနေ ၂ နာရီလောက်ကြာတယ်။ ကားပိတ်တာ မစောင့်နိုင်လို့ ဆိုင်ကယ်ကယ်ရီတွေ ဌားစီးတော့လည်း အရင်ကဆို အလွန်ဆုံး တစ်ထောင်ပဲပေးရတာ။ အခုကျတော့ ငါးထောင်တောင်ပေးရတယ်။ အချိန်ကိုက် လုပ်စားတာပေါ့” လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးကားဝန်းထဲမှာ အချိန်ကြာမြင့်စွာကားလမ်းတွေ ပိတ်ဆို့နေလို့ ကားထွက်ချိန် နောက်ကျသူတွေလည်း ရှိတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူအချို့က ပြောပါတယ်။