မြကန်သာ ဂေါက်ကွင်းမှာ ပေါက်ကွဲမှုဖြစ်၊ မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတယ်လို့ဆို

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာရှိတဲ့ မြကန်သာဂေါက်ကွင်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုရဲ့ မင်္ဂလာဒုံ လေတပ်စခန်းလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက် ၇ နာရီကျော်လောက်က မြကန်သာဂေါက်ကွင်း ကျင်းနံပါတ် ၁၈ နေရာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ဂေါက်သီးကောက်သူတစ်ဦး ထိခိုက် သေဆုံးသွားတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး သတင်းစာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
“အဲ့ဂေါက်ကွင်းမှာက တပ်ဘက်က လူတွေနဲ့ သူတို့အလုပ်လုပ်နေတဲ့ စီးပွားရေးသမားတွေပဲ လာလာနေတာ၊ ဒီမနက်မှာလည်း တပ်ဘက်က အကောင်တွေရှိနေတဲ့အချိန်မှာ ပေါက်ကွဲတာ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာလို့ ကြားတယ်” လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုရဲ့ မင်္ဂလာဒုံ လေတပ်စခန်းအတွင်းကိုလည်း ရှော့တိုက်ဒုံးတစ်လုံးနဲ့ အပစ်ခံရပြီး ဝန်ထမ်းလိုင်းခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။