အကြမ်းဖက်စစ်တပ်ရဲ့ ရေလယ်ကျွန်းဒေသ တရားမဲ့လုပ်ရပ် စစ်ရာဇဝတ်မှု မြောက်တယ်လို့ပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေဟာ စစ် ရာဇဝတ်မှုမြောက်ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။
အကြမ်းဖက်ဖက်စစ်တပ် အင်အား ၁၅၀ လောက်ဟာ ဧပြီ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ စစ်ကြောင်းသုံးကြောင်းခွဲပြီး ရေလယ်ကျွန်းဒေသကို ဝင်ရောက်ခဲ့ကာ ပြည်သူ ၆ ဦးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ပြည်သူ့နေအိမ် ၈၄ လုံး၊ ရိပ်သာကျောင်းတစ်ဆောင်၊ စာကြည့်တိုက် တစ်လုံးနဲ့ ဆိုင်ကယ် အစီး ၂၀ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို ဝင်ရောက်စီးနင်း ရမ်းကားသောင်းကျန်းခဲ့ပြီး နေအိမ်တွေ ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာတွေ အဓမ္မယူဆောင်ခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်ဆီးခေါ်ဆောင်ခြင်း၊ လက်နက်ကြီးတွေ ရမ်းကားပစ်ခတ်နေခြင်းတို့ ပြုလုပ်ခဲ့ရာ ရေလယ်ကျွန်းပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းစုံ ကြုံတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဧပြီ ၂ ရက်နေ့မှာ ရွာ ၄ ရွာ၊ဧပြီ ၃ ရက်နေ့မှာ ရွာ ၅ ရွာ၊ ဧပြီ ၄ ရက်မှာ ရွာ ၆ ရွာ၊ ဧပြီ ၅ ရက်မှာ ရွာ ၆ ရွာနဲ့ ဧပြီ ၆ ရက်မှာ ရွာ ၆ ရွာတို့ကို ဝင်ရောက်ကာ နေအိမ်တွေ မွှေနှောက်ဖျက်ဆီးပြီး ပြည်သူပိုင် ဥစ္စာပစ္စည်းတွေကို အဓမ္မယူဆောင်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
Photo – သိန်းဌက်ပြောက်ကျားတပ်ဖွဲ့
ပုံစာ – ရေလယ်ကျွန်းဒေသမီးရှို့ခံရတဲ့ရွာတစ်ရွာ