စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရှောက်ခါးကျေးရွာအတွက် အရာတော် ပကဖက သိန်း၂၀ မတည်လှူ

အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာမှာရှိတဲ့ ပြည်သူတွေအတွက် ARA အရာတော် ပကဖက ငွေသိန်း ၂၀မတည်လှူဒါန်းပြီး ဒေသခံပြည်သူတွေနဲ့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၈ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ ရှောက်ခါးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း ဖျက်ဆီးကာ အိမ်ခြေ ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
“အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ရှောက်ခါးကျေးရွာ ပြည်သူများအတွက် မိမိတို့၏ အရေးပေါ် ရန်ပုံငွေထဲမှ ခွဲဝေကူညီပေးခဲ့ပါတယ်။ အဖိနှိပ်ခံပြည်သူလူထုရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေကို အလဟဿ မဖြစ်စေရဘဲ အဆုံးထိ တော်လှန်သွားမယ်လို့လဲ ကျွန်ုပ်တို့က ကတိသစ္စာပြုအပ်ပါတယ်။”လို့ အရာတော် ပကဖက ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။