ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်

Photo- CJ
ရန်ကုန်မြို့ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်အနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင်ရောက်ရှိနေသူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၈ရက်နေ့ ညနေ ၄နာရီ ၂၀မိနစ်ခန့်မှာ ဆောက်လုပ်နေဆဲ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီးရှိတဲ့ စစ်အုပ်စုရဲ့ ကားတစ်စီးအနီးမှာ ပေါက်ကွဲခဲ့တာပါ။
“ဗုံးကတော်တော်ပြင်းတယ် စကစလူတွေက မြို့တော်ခန်းမထဲကို ဝင်ပြေးကြတယ်၊ စစ်သားတွေလဲ အများကြီးရှိနေတဲ့ နေရာမှာ ဖြစ်သွားတာ၊ ဘာတွေထိသွားသေးလဲတော့ သေချာမသိသေးဘူး အခုက အကုန်ပိတ်စစ်နေတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow(YGN)က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပြီး မြို့တော်ဝန်မဏ္ဍပ်နားမှာရှိတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ကားတွေနဲ့ ဘန်ကာကို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေကလည်း မေတ္တာရပ်ခံထားပါတယ်။