ရန်ကုန်မြို့မှာ နေအိမ်တွေကို သွယ်တန်းထားတဲ့ မီးကြိုးတွေဖြုတ်ခိုးခံနေရ

ရန်ကုန်မြို့မှာ မီးပြတ်ချိန်တွေကို စောင့်ဆိုင်းပြီး တိုက်ခန်းနေအိမ်တွေမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေ ဖြုတ်ခိုးတာကို မကြာခဏ ကြုံတွေ့နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
မီးပြတ်တောက်ချိန်တွေကို စောင့်ဆိုင်းပြီး အထပ်မြင့်တိုက်မှာ မြေညီထပ်ကနေ အပေါ်ထပ်အခန်းတွေကို သွယ်တန်းထားတဲ့ မီးကြိုးတွေကို ဖြတ်တောက် ခိုးယူခံရမှုတွေ ကြုံတွေ့နေရတာပါ။
“မီးက လာချိန်သာမမှန်တာ ပျက်ချိန်ကျ အတိအကျပဲဆိုတော့ မြို့နယ်အလိုက် မီးပျက်တဲ့အချိန်တွေကို စောင့်ပြီးတော့ ကန်ထရိုက်တိုက်တွေမှာ လိုက်ဖြုတ်ခိုးတာ၊ အထပ်မြင့်တိုက်တွေကို လုပ်တာများတယ် လူရှင်းချိန်စောင့်ပြီးတော့ အခန်းတွေက ကြိုးတွေကို ဖြတ်ချပြီးတော့ ရသလောက်ဆွဲထုတ်ယူသွားတာ၊ ကျွန်တော့်အခန်း ခံလိုက်ရတယ်၊ အားလုံးပေါင်း ၆ ခန်းပါသွားတာ၊ သူတို့လုပ်သွားတာက ဘာတန်ဖိုးမှ များများမရှိပေမဲ့ ပြန်ဆက်ရတာ လုပ်တတ်တဲ့သူခေါ်ရတာနဲ့ အကုန်လုံး ဒုက္ခရောက်ရတယ်”လို့ တာမွေမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆိုင်ခန်းအချို့ရှေ့မှာ ချထားတဲ့ မီးစက်တွေကို အလစ်သုတ်ကာ ကားပေါ်တင်ပြေးတဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“အလှပြင်ဆိုင်ဆိုတော့ မီးစက်ကအပြင်မှာထားပြီး ကြိုးတန်းလန်းနဲ့ထားတာ၊ မီးလာနေချိန်ကျတော့ စက်ရပ်ထားပြီး အထဲမှာ အလုပ်လုပ်နေတုန်း သတိရလို့ကြည့်တော့ မီးစက်မရှိတော့ဘူး၊ အနားက လူတွေကိုမေးကြည့်တော့ အမျိုးသားနှစ်ယောက် ကားနဲ့လာပြီးတင်သွားတာလို့ပြောတယ်၊ သူတို့ကလည်း ကျွန်မတို့ ယူခိုင်းတာထင်တော့ မတားဘဲ ကြည့်နေလိုက်တာ၊ လိုင်းပေါ်မှာ အဲ့လို လိုက်ခိုးနေတယ်လို့ ရေးထားတာတွေ့ပေမဲ့ မထင်မိဘူး”လို့ တာမွေမြို့နယ်မှာ အလှပြင်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။